Saturday, August 11, 2012

ယုတ္တိမရှိတဲ့ ကဗျာ.......(အပိုင်း -၁)


လက်ဆော့ခြေဆော့ တယောက်တည်း လျှောက်လျှောက်သွားတတ်တဲ့ကျွန်မ တနေ့မှာ ဒီလိုပဲ.တယောက်တည်း ပျင်းပျင်းရှိတာနဲ့ အနီးအနားက တောစပ်ကလေးကို ထွက်လာခဲ့ မိတယ်...အရမ်းသာယာတဲ့နေ့လေးတနေ့လို့လည်း စိတ်ထဲမှာခံစားနေမိတယ်...မှတ်မှတ်ရရ အဲဒီနေ့က ကျွန်မ Sunkist သီးတွေစားမိတဲ့နေ့ပေါ့....စိတ်လက်သာသာယာယာ၇ှိတာနဲ့ပဲ..လျှောက်လာလိုက်တာ..တောတောင် တော်တော်လေးနက်တဲ့အထိရောက်လာခဲ့တယ်...ရှေ့မှာဘာလေးပါလိမ့် သေချာကြည့်လိုက်တော့ စိမ်းစိမ်းစိုစို နွယ်ပင်တွေကြားက ကျောက်ဂူလေး တလုံး...ဒီလိုနဲ့ အမှတ်တမဲ့ ကျွန်မ အနားတိုးကပ်သွားခဲ့မိတယ်...အနီးကပ်ကြည့်လိုက်တော့ တော်တော်လေးကို မှောင်ရိပ်သန်းနေတာတွေ့လိုက်ရတယ်....သိပ်မကြောက်ရွံ့ တတ်တဲ့ကျွန်မက ဘာဘာညာညာတွေးမနေတော့ဘဲ...ဂူလေးထဲ...တလှမ်းချင်းဝင်ခဲ့မိတော့တာပေါ့...

အတော်အတန်သွားကြည့်လိုက်တော့ ဂူလေးက အတော်အတန်လည်း ကျယ်ပြန့်သလို ၀င်္ကဘာဆန်လွန်းလှစွာ ရှုပ်ထွေးရှည်လျှားလှတာကို တွေ့လည်းသတိထားလိုက်မိတယ်.....အလင်းရောင်အားနည်းတဲ့ ဒီဂူလေးထဲမှာ ကျင့်သားရသွားပြီဖြစ်တဲ့ ကျွန်မရဲ့ မျက်လုံးတွေက .ရှေ့ကအရိပ်လေးတခုကို သတိထားမိလိုက်တော့..အိုး.......လူတယောက်ပါလား....သူဘာထိုင်လုပ်နေပါလိမ့်...သိချင်စိတ်တွေကို မမြိုသိပ်နိုင်ဘဲ ကျွန်မ အနားတိုးကပ်သွားမိတယ်..
.မှောင်ရိပ်လေးသန်းနေတဲ့ နောက်ခံပေါ်က သူ့ပုံရိပ်လေးက အိမ်မက်ဆန်လိုက်တာ...သူဘယ်သူပါလိမ့်....သူကျွန်မကို လက်ယပ်ခေါ်လိုက်တော့ ကျွန်မအားတက်စွာနဲ့ သူ့အနားတိုးကပ်သွားမိတယ်..
သူ့မျက်နှာကို သဲသဲကွဲကွဲမြင်ရတဲ့ထိဆိုပါတော့...အပြုံးတွေရှားပါးနေတာကြာပြီဖြစ်တဲ့ကျွန်မရဲ့ နှုတ်ခမ်းတွေက သူ့အတွက် စိတ်လိုလက်ရအပြုံးတပွင့် ခုန်ထွက်သွားခဲ့တယ်....ကျွန်မကိုယ်ကျွန်မတော့ သတိမထားလိုက်မိဘူး...

.အဲဒီအချိန်မှာပဲ ရုတ်တရက် ဂူအမိုးနံရံတွေမှာဇောက်ထိုးတွဲလွဲခိုနေတဲ့ လင်းဆွဲတွေ ရုတ်တရက်ထပျံသွားတာနဲ့ တပြိုင်နက်.ဂူ.အမိုးကြားက ၀င်ရောက်လာတဲ့အလင်းရောင်တွေနဲ့အတူ တွေ့လိုက်ရတာက...ဟား........သူ့နဘေးမှာ မိန်းကလေးတယောက်....တော်တော်လှတာပဲ..ကျွန်မ မှတ်ချက်ပေးလိုက်မိတယ်.....
ဒါပေမယ့် ကျွန်မသူ့ကိုတော့ မပြုံးပြလိုက်ဖြစ်ဘူး....

.ဒီလိုနဲ့ ကျွန်မပြန်ခဲ့တယ်...နောက်နေ့တွေလည်း ကျွန်မ..အဲဒီဂူလေးဘက် သွားဖြစ်ခဲ့တယ်...ကောင်လေးက ကျွန်မကို တခါတရံတော့ ဧည့်ခံကျွေးမွေးတတ်ပြီး...တခါတရံတော့ ကောင်မလေးရောက်နေရင် ကျွန်မကို  ဥပေက္ခာပြုပြီးအဲဒီကောင်မလေးနဲ့ပဲ..စကားတွေဖောင်ဖွဲ့နေတာတွေ့ခဲ့ရတယ်...ဒါပေမယ့် ...အမြဲတမ်းသူ့ဂူလေးကို အလည်လာဖို့ဖိတ်ခေါ်ခဲ့တဲ့ ကောင်လေးရဲ့ဖိတ်ခေါ်ချက်အရ ကျွန်မ မပျက်မကွက်သွားနေကျ အချိန်လေးတွေအတိုင်း သွားဖြစ်ခဲ့တယ်...ကျွန်မသွားရောက်လည်ပတ်တဲ့အချိန်တိုင်းမှာလည်း ကောင်မလေး မရှိရင် တော့ ကျွန်မကို စိတ်လိုလက်ရ ဧည့်ခံတတ်ပြီး ကောင်မလေးရှိနေရင်တော့ ကျွန်မ တိတ်ဆိတ်စွာနဲ့ လှည့်ပြန်ခဲ့ရတယ်...တနေ့တော့ ကျွန်မသူ့ဆီရောက်သွားတဲ့ ညနေခင်းလေးတခုမှာပေါ့....ဂူထဲမှာတိတ်ဆိတ်နေလို့ ကျွန်မ ဝေ့၀ဲကြည့်လိုက်တော့ သူ့ကျွန်မကို ညွှတ်နူးစွာကြည့်နေတာတွေ့လိုက်ရတယ်..အမှန်အတိုင်းဝန်ခံရရင် သူ့ရဲ့ အဲလိုမျက်ဝန်းမျိုးတွေ ကျွန်မပိုင်ဆိုင်ချင်ခဲ့တာကြာပေါ့....ကျွန်မသိပ်ပျော်သွားခဲ့မိတယ်...ဒါပေမယ့် ကျွန်မ ရုတ်တရက်သတိထားလိုက်မိတာက သူ့လက်မှာသွေးတွေများလားလို့.....ဘယ်လိုဖြစ်တာရလဲ......ကျွန်မရဲ့ မျက်ဝန်းအကြည့်က ဂူကြမ်းပြင်ထက်ကို အဝှေ့....အိုး.....ကောင်မလေး...ကောင်မလေး...သူ့ရင်ဘတ်မှာ သွေးတွေနဲ့...ဒါဆိုရှင် လူသတ်ခဲ့တာပေါ့.....ကျွန်မမလှုပ်မယှက်ငြိမ်သက်နေပြီဖြစ်တဲ့ ကောင်မလေးကို ကြက်သေသေပြီး စိုက်ကြည့်နေခဲ့မိတယ်.....အဲဒီအချိန်မှာ ကောင်လေးက ကျွန်မကို သူ့လက်ကလေးကမ်းပေးတယ်........ပြီးတော့ ကျွန်မ အသိမဲ့စွာနဲ့ပဲ...သူ့ကိုကူပြီး ကောင်မလေးရဲ့ ရုပ်အလောင်းကို ဖျောက်ဖျက်ပစ်ခဲ့တယ်...အဲဒီနောက်တော့..ကျွန်မ သူ့ဂူလေးကို သွားရတာ အရင်ကထက် ပို အဓိပ္ပာယ်တွေရှိလာခဲ့တယ်ဆိုပါတော့....ကျွန်မတို့ရဲ့ ထာဝရအိမ်လေးဟာ...အဲဒီဂူလေးပဲလို့...သူပြောတိုင်း ကျွန်မရင်တွေခုန်နေတတ်ခဲ့တယ်...ဒါပေမယ့် ကျွန်မရဲ့ မျက်လုံးထဲက မိန်းမလှလေးရဲ့ ရုပ်အလောင်းက ဘယ်လိုမှ ထုတ်မရခဲ့ဘူး....သူအရမ်းနာကျင်ခဲ့မှာပဲလို့..ကျွန်မအမြဲတွေးနေမိခဲ့တယ်...ပြီးတော့...ပြီးတော့လေ....မသိစိတ်ထဲကလည်း ကျွန်မကကော ဘယ်နေ့ ဘယ်အချိန်မှာ ဒီရုပ်အလောင်းလေး လိုဖြစ်သွားမလဲလို့....တွေးကြောက်နေခဲ့မိတယ်.....ဒါပေမယ့် ကျွန်မ နေပျော်ခဲ့ပါတယ်....သူ့ရင်ခွင်ထဲမှာပေါ့....... ဒါပေမယ့် သူ့ရင်ခွင်ထဲက နေ ခွဲခွာပြီး ကျွန်မ ညအိပ်ယာဝင်တိုင်း မိန်းမလှ တစ္ဆေ လေးက ကျွန်မဆီရောက်ရောက်လာခဲ့တာ သူမသိခဲ့ဘူး...ကျွန်မကို ညစဉ်ညတိုင်း အိပ်မရအောင် လာရောက်ခြောက်လှန့်ခဲ့တယ်....ကျွန်မကို ကျွန်မရဲ့ ဘ၀တခုလုံး စုတ်ပြတ်သတ်စွာ  ရူးသွပ်သွားတဲ့ထိ ဗြောင်းဆန်အောင်လုပ်ပစ်မယ်လို့ လည်း ခြိမ်းခြောက်ခဲ့တယ်.....နောက်ဆုံးတော့ ဘယ်လိုမှ မတတ်နိုင်တော့ တဲ့ ကျွန်မ အဲဒီ မိန်းမလှတစ္ဆေလေး ရဲ့ခြောက်လှန့်မှု တွေကို ကျွန်မရဲ့  တဦးတည်းသော အားကိုးအားထားရာအဖြစ် သူ့ကိုပဲ ဖွင့်ပြောတိုင်ပင်ရတော့တာပေါ့....သူ့ကတော့ ဘ၀ချင်းခြားသွားပြီးဖြစ်တဲ့ အဲဒီ မိန်းမလှတစ္ဆေလေးကြောင့် စိတ်အနှောင့်အယှက်ဖြစ်မနေဖို့ အားပေးစကားပြောရှာပေမယ့် .....မိန်းမလှတစ္ဆေလေးကတော့ လာရောက် ခြိမ်းခြောက်မြဲပါပဲ...သူမကျွတ်လွတ်သေးဘူးထင်ပါ့....

.ကျွန်မလည်းပဲ...လူတွေသတ်ခဲ့ဖူးပါတယ်....ဘာကြောင့် သူသတ်ခဲ့တဲ့လူကမှ ကျွန်မကိုလာရောက်ခြောက်လှန့်ရတာလဲ....အင်းလေ..သူက သရဏဂုံမှ တင်မပေးခဲ့တာ....ကျွန်မသတ်တုန်းက ကျွန်မသတ်ခဲ့တဲ့လူတွေကို ကျွန်မ သရဏဂုံတင်ပေးခဲ့တာကိုး....အဲဒီအတွက် ကျွန်မသတ်ခဲ့ဖူးတဲ့သူတွေက ကျွန်မတို့ကိုဘယ်တော့မှ လာရောက်ခြောက်လှန့်မှာ မဟုတ်ဘူး...

.နဂိုတည်းက ခေါင်းမာတဲ့ကျွန်မ.....ဒီအတိုင်းလေးပဲ..သူ့ဂူလေးနဲ့ ပိုနေသားကျလာခဲ့တယ်...သူကလည်း တခါတရံ တောလည်ထွက်ရာကနေ....အမြဲလိုလို ကျွန်မကို ဂူလေးထဲမှာတယောက်တည်းထားထားခဲ့ပြီး....ထွက်ထွက်နေတော့တဲ့ အထိဆိုပါတော့....ကျွန်မ အနားမှာနေရတာ ငြီးငွေ့လာပြီဖြစ်တဲ့သူ့ကို ကျွန်မ လွတ်လပ်စွာနေခွင့်ပြုဖို့ ခွင့်ပြုပေးခဲ့တယ်...ဒါပေမယ့် ရောက်တဲ့နေရာကနေ ဘယ်ရောက်နေလဲဆိုတာကို ကျွန်မဆီ မီးရှူးမီးပန်းလေးဖောက်ပြီး လှမ်းအသိပေးဖို့လေးရယ်.....ကျွန်မလှမ်း မေးတဲ့အချိန်တွေမှာ သတိတရနဲ့ အသင့်ပြင်ပေးထားဖို့လေးတော့တောင်းဆို ဖြစ်ခဲ့တယ်.....ဒီလိုနဲ့ပဲ.ကျွန်မ သူရဲ့ မီးရှူး မီးပန်းသံတွေကိုနားစွင့်ရင်း..ကျွန်မရဲ့ ညစာတွေကို ပြတင်းပေါက်နားမှာသာ စားတတ်လာတဲ့ထိဆိုပါတော့ ....(အပိုင်း-၂ ဆက်ရန်.....)

No comments:

Post a Comment